eSIM ဆိုတာကတော့ embedded-SIM ဖြစ်ပြီး ဖုန်းထဲကို ဒစ်ဂျစ်တယ်နည်းအားဖြင့် တိုက်ရိုက်ထည့်သွင်း အသုံးပြုရတဲ့ SIM Card တွေပဲဖြစ်ပါတယ်။ ကောင်းကျိုးအနေနဲ့က ဟန်းစက်ပြောင်းတဲ့အခါ SIM Card အထုတ်အသွင်း ပြုလုပ်စရာမလိုတော့သလို ဖုန်းပျောက်သွားခဲ့ရင်လည်း တခြားလူတွေ အလွယ်တကူထုတ်ပစ်လို့ မရနိုင်ပါဘူး။ လက်ရှိမြန်မာနိုင်ငံရဲ့ Operator တွေအနေနဲ့လည်း eSIM တွေကို စတင် Support ပေးနေပြီဖြစ်လို့ အလုပ်များတဲ့ iPhone User တွေအနေနဲ့ eSIM အသစ်ဝယ်၍ဖြစ်စေ၊ ရှိပြီးသား SIM Card ကို eSIM ပြောင်း၍ဖြစ်စေ ဖုန်းနံပါတ်(၂)ခု အသုံးပြုလို့ရနေပါပြီ။ ဒါပေမယ့် eSIM ရတဲ့ထဲမှာ MPT တော့ မပါဝင်သေးပါဘူး။ eSIM ဝယ်ဖို့၊ ရှိပြီးသား SIM ကို eSIM ပြောင်းဖို့ အလွယ်ကူဆုံး Operator ကတော့ Ooredoo ပဲဖြစ်ပြီး My Ooredoo App ရဲ့ Profile ထဲမှာ eSIM နံပါတ်အလှပေါ်မူတည်ပြီး ငွေကျပ် ၂သောင်းခွဲကစလို့ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
လက်ရှိမှာအသုံးပြုနေတဲ့ Ooredoo SIM Card ကို eSIM ပြောင်းချင်ရင်တော့ ဒီလင့်ခ် ( https://esim.ooredoo.com.mm/upgrade ) ထဲဝင် UPGRADE TO eSIM ဆိုတာကိုနှိပ်ပြီး အလွယ်တကူပြောင်းလဲနိုင်ပါတယ်။
ဖုန်းထဲကို eSIM ထည့်သွင်းတဲ့အခါ အသုံးပြုရမယ့် QR Code ကိုတော့ email ကတဆင့် ပေးပို့သွားမှာဖြစ်ပြီး QR Code ကိုရပြီဆိုရင်တော့ Settings > Cellular > Add eSIM ထဲမှာ Use QR Code ဆိုတာကိုနှိပ်ပြီး အလွယ်တကူ eSIM ထည့်သွင်းနိုင်ပါတယ်။ iPhone တွေမှာ eSIM (၈)ခုနဲ့အထက်ကို ထည့်သွင်းထားနိုင်တာဖြစ်လို့ နိုင်ငံရပ်ခြား ခရီးသွားလို့ မတူညီတဲ့ Operator တွေ ပြောင်းသုံးဖို့လိုလာတဲ့အခါ ကိုယ်အသုံးပြုမယ့်နံပါတ်ကို အလွယ်တကူပြောင်းလဲနိုင်ပါတယ်။
တခြား SIM Card တွေအတွက်တော့ သက်ဆိုင်ရာ Operator အလိုက် သတ်မှတ်ထားတဲ့ ဆိုင်တွေမှာသာ eSIM ပြောင်းတာ၊ ဝယ်ယူတာတွေ ပြုလုပ်နိုင်မှာပါ။